အဖြေပေးပြီး ချစ်သူဖြစ်တဲ့နေ့ ၆ ရက်နေ့လေးမှာ အမှားသီချင်းလေးတင်ဖြစ်သွားတယ်ဆိုတဲ့ ရွှေမှုန်ရတီ

ရွှေမှုန်ရတီရဲ့ အမှား သီချင်းကတော့ ပရိသတ်တွေကြား အင်မတန်ပေါက်ပြီးရေပန်းစားသွားတဲ့သီချင်းလေးတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ Joox Application ရဲ့ မြန်မာသီချင်းတွေထဲမှာလည်း နံပါတ် တစ် နေရာကို ချိတ်ခဲ့တဲ့ အမှား သီချင်းလေးကို ခင်ပွန်းသည်ဖြစ်တဲ့ ရွှေထူးက ချစ်သူဘဝတည်းက ရေးပေးခဲ့တာလို့ သိရပါတယ်။

သရုပ်ဆောင်ပိုင်းမှာတင်မကဘဲ အသံပိုင်းဆိုင်ရာမှပါ မခေသူတစ်ယောက်ဖြစ်တဲ့ရွှေမှုံရတီကတော့ သီချင်းထဲမှာပါလာတဲ့အသံဟာ ပြင်ဆင်ထားတဲ့အသံမျိုးမဟုတ်ဘဲ သီချင်းဆိုလိုက်လို့ မိုက်ထဲရောက်သွားရင် သူမအသံဟာ သေးသွားတာဖြစ်တယ်လို့ဆိုပါတယ်။

“ဒီသီချင်းလေးကို ဘယ်တုန်းက ရေးပေးထားတာလဲဆိုတော့ ကြိုက်ပြီး တစ်လလောက်မှာ သူရေးတယ် ရေးပြီးတော့ သူTrainတယ်ပေါ့နော် ဘယ်လောက်အထိ Trainလည်းဆိုရင် ရေချိုးလည်း အဲ့သီချင်းပဲ အော်ဆိုရမယ်တဲ့ အိမ်သာသွားလည်း အဲ့သီချင်းပဲ အော်ဆိုရမယ်တဲ့ လမ်းလျှောက်လည်း အဲ့သီချင်းပဲဆိုတော့ အဲ့တာကိုပဲ တော်တော်ကြာကြာ Train လိုက်ပြီးတော့ စတူဒီယိုထဲမှာ သွင်းခိုင်းတယ် Ready ဖြစ်ပြီဆိုတော့မှ သွင်းခိုင်းတော့ အဲ့တစ်နေ့ထဲမှာ မနက်မိုးလင်းထဲက သွင်းလိုက်တာ အချိန်အားလုံးပေါင်း ၈ နာရီ ကြာတယ်။ ၈နာရီလောက် သဲလုံးဝ မတ်တပ် မထိုင်ခိုင်းဘူး။ သဲကို သွင်းခိုင်းတာ သွင်းခိုင်းတာ သဲနောက်ဆုံးလေ လျှာတွေပါ ထွက်တော့မှ သူကြိုက်တဲ့နေရာရောက်တော့မှ သဲကိုလွှတ်ပေးတာ။ လျှာထွက်လည်း သူက လုံးဝမလွှတ်ပေးဘူး”

ဒီသီချင်းလေးဟာ သူမအတွက်ပထမဆုံး သီဆိုခဲ့ရတဲ့သီချင်းလေးတစ်ပုဒ်ဖြစ်ပြီးတော့ ၈ နာရီကြာ ပင်ပင်ပန်းပန်းနဲ့ သွင်းခဲ့ရတဲ့သီချင်းလေးဖြစ်ကြောင်းဆိုပါသေးတယ်။
“အဲ့တော့မှ အဲ့သီချင်းလေးက ဒီလောက် အသံသေးသေးလေးနဲ့ ထွက်လာတာ။ ဒါကလည်းကိုယ့် အသံအကုန်ပဲ မရှိတော့ဘူးဆိုတော့ အဲ့သီချင်းလေးက တော်တော် ပင်ပင်ပန်းပန်းနဲ့ သဲလုပ်ခဲ့ရတယ်။ ပြီးသွားရင် ဘာလဲ ရိုက်တဲ့ဟာ ရိုက်တဲ့ဟာဆိုရင် သူနဲ့ တော်တော်လေး ညှိလိုက်ရတယ်။ သူ့ကိုပေးပါအုန်းတဲ့ တစ်ကဒ်နှစ်ကဒ်လောက် သူလည်း ပါချင်တယ်တဲ့။ သဲက အဲ့မှာ အာကာနဲ့ တိုင်ပင်ပြီးတော့ ကိုယ်ရိုက်ထားတာဆိုတော့ ကိုယ်ဇာတ်လမ်းလေးလုပ်ထားတာဆိုတော့။ အဲ့မှာသူကပြောတာ ပါဦးမယ်တဲ့ သူ့လည်း ရိုက်ပေးအုန်းဆိုလို့ အဲ့မှာသူ့ကို ရိုက်ပေးရသေးတယ် အဲ့လိုမျိုးပေါ့နော်”

သီချင်းလေးကို ရည်းစားဖြစ်ပြီးတစ်လလောက်အကြာမှာရေးသားထားပေမယ့် ဟန်းနီးမွန်းခရီးစဉ်ထွက်နေတဲ့အချိန်မှ ပထမဆုံးပရိသတ်တွေက အမြည်းအနေနဲ့ နားဆင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းလေးကို Official Release လုပ်တဲ့နေ့လေးဟာ သူမတို့ရဲ့ ချစ်သူအမှတ်တရနေ့လေးဖြစ်တယ်လို့ ရွှေမှုံကဆိုပါတယ်။

“အဲ့ဒါက ရည်းစားဖြစ်ပြီးတော့ ထွက်တဲ့အခါကျတော့ မင်္ဂလာဆောင်ပြီးမှ ထွက်တာဆိုတော့ နည်းနည်းလေးတော့ကြာသွားတယ် ဘာလို့လဲဆိုတော့ သဲတို့က တင်စရာတွေက အရမ်းများသွားတော့ ပရိသတ်မျက်စိရှုပ်မှာဆိုးလို့ဆိုပြီး အချိန်ဆွဲရင်း ဆွဲရင်းနဲ့ ကြိုက်ပြီးတည်းကနေ ယူပြီးတဲ့အထိတောင် အခုမှတင်ဖြစ်သွားတာပေါ့နော်။ မှတ်မှတ်ရရလေ အဲ့ဒါက သဲတို့ရဲ့ အမှတ်တရနေ့လေးတစ်ခုမှာ ၆ ရက်နေ့မှာ တင်လိုက်တာ ဆိုတော့ အမှတ်တရလေး ဖြစ်သွားတယ်။ ၆ ရက်နေ့က ချစ်သူဖြစ်တဲ့နေ့ အဖြေပေးတဲ့နေ့ အဲ့နေ့လေးမှာ တင်ဖြစ်သွားတယ်ပေါ့နော်။”

သူမတို့နှစ်ယောက်အတွက် အမှတ်တရပေါင်းများစွာရှိနေတဲ့အမှားသီချင်းလေးကိုတော့ ရွှေမှုံရတီက ကြိုးကြိုးစားစားသီဆိုခဲ့ရတာဖြစ်ပြီးတော့ အမှားတွေပါခဲ့တယ်ဆိုလည်း ပရိသတ်ကြီးကို နားလည်ပေးဖို့ ရွှေမှုံရတီက MC မီဒီယာအင်တာဗျူးကတဆင့်တောင်းဆိုလာတာဖြစ်ပါတယ်။

Comments